ဇီးကုန်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ အာမခံလုပ်ငန်းများအကြောင်း အသိပညာပေးခြင်းနှင့် သီးနှံအာမခံပြုလုပ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာပထမ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာ့အာမခံလုပ်ငန်း (ပြည်မြို့)ခရိုင်မန်နေဂျာ ဦးကျော်သူရက အာမခံလုပ်ငန်းအကြောင်း၊ အာမခံအမျိုးအစား (၄၈)မျိုးအကြောင်းကို ရှင်းလင်းပြောကြား၍ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံနှင့်ပတ်သက်၍ "အာမခံထားရန်လိုအပ်ချက်များ၊ အာမခံထားရှိနိုင်သည့် ပမာဏနှင့် လျော်ကြေးသတ်မှတ်ချက်များ"ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြန်မာ့အာမခံလုပ်ငန်း ခရိုင်မန်နေဂျာတို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ (ပြန်ဆက်)