အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှု GBV အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

ဇီးကုန်း ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှု GBV အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ပပဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ ရည်ရွယ်ချက်၊ အကြမ်းဖက်မှုဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ အကြမ်းဖက်ခံရသူများအား လူမှုဝန်ထမ်းဦးစီဌာနမှ ကူညီဆောင်ရွက်ပေးမှု အစီအစဉ်များနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမှုများအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ (၁၆)ရက်တာကာလတွင်  အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေး အသိပညာပေးလှုံဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း စုစုပေါင်းအင်အား(၁၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်ဆက်)