အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်

အုတ်တွင်း နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က အ.မ.က(မူလွန်) ဘဲကုန်းကျောင်းနှင့် အ.မ.က(မူလွန်) အင်ကြင်းခင်ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက ကလေးများကိုယ်ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေး ရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပြီး၊ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများဆောင်ရွက်ကာ ကလေးငယ်များအား စာဖတ်သည့်အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး၊ ကလေးအလုပ်သမားဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေးနံရံကပ်စာစောင် များကိုပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)