တိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

ပုသိမ်  ဒီဇင်ဘာ   ၄

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မသန်စွမ်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မသန်စွမ်းသူများ လူ့ဘောင်လောကအတွင်း အကျုံးဝင်ပါဝင်နိုင်ရေး၊ အခွင့်အရေးများအပြည့်အဝရရှိနိုင်စေရေး၊ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်ရရှိရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍  ဒီဇင်ဘာလ(၃)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကုလသမဂ္ဂမှဦးဆောင်၍ ကမ္ဘာတစ်ဝှမ်းတွင်နှစ်စဉ်ကျင်းပလာခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁၉၉၄) ခုနှစ်မှစတင်၍ အစဉ်အလာမပျက်ကျင်းပခဲ့ရာ ယခုနှစ်တွင် အကြိမ်(၃၀)ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ ယခုနှစ်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ “United in action to rescue and achieve the SDGs for, with and by persons with disabilities" ဖြစ်ပြီး မြန်မာဘာသာပြန်ဆိုထားသည့် ဆောင်ပုဒ်သည် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့  မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ပဲဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်ခွင့်နည်းပါးခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းတို့ကို ကြုံတွေ့နေရဆဲပဲဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို သိရှိနားလည်စေရေးအသိပညာပေးဆောင်ရွက်သွားရန်နှင့် မသန်စွမ်းသူများအတွက်ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများကိုမသန်စွမ်းသူများ သိရှိစေရေးနှင့်လက်လှမ်းမီရယူ အသုံးပြုနိုင်ရေးအတွက်လည်း တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ အခြေအနေ အကြောင်းအရာအမျိုးမျိုးကြောင့် မသန်စွမ်းမှုတစ်မျိုး သို့မဟုတ်တစ်မျိုးထက်ပိုသည့် မသန်စွမ်းသူများကို ဘဝကိုအရှုံးမပေးဘဲ အများနည်းတူကဏ္ဍစုံတွင်  ပါဝင်နိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီပူးပေါင်းဆောင်ရွက်ကြရန်နှင့် မသန်သော်လည်း စွမ်းဆောင်နိုင်သူများဖြစ်ကြစေရန် ပိုမိုကောင်းမွန်သော၊ ရေရှည်ဖွံ့ဖြိုး တိုးတက်သောအနာဂတ်ဖန်တီးနိုင်စေဖို့ မသန်စွမ်းသူများကိုယ်တိုင်နှင့် လူ့အသိုင်းအဝန်း တစ်ခုလုံးက အလေးထားဂရုပြုဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း” တိုက်တွန်းပြောကြား အမှာစကား ပြောကြားသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ သဝဏ်လွှာ Video Clip အားကြည့်ရှုအားပေးခဲ့ပြီးနောက်  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက်  မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများအရေးနှင့်ပတ်သက်သည့် Video Clip ပြသမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး မသန်စွမ်းသူများအား ရင်းနှီးနွေးထွေး စွာနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)