ကျိုက်လတ် ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမှုလျာထားချက်ပြည့်မီရေးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ယမန်နေ့ နံနက်ပိုင်းက လှိုင်းတာကျေးရွာအုပ်စု အောင်မြေသုခဘုန်းကြီးကျောင်းတွင် နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဖုန်းက သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေး၊ ပြည်တွင်းစားသုံးဆီဈေးကွက် ပိုမိုရရှိစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံခြားငွေအသုံးပြုမှု လျော့နည်းသက်သာလာစေရေး စသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ နည်းစနစ်မှန်ကန်စွာ မြေပြုပြင်ပေးရေး၊ စားသုံးဆီဖူလုံရေးနှင့် ဝင်ငွေတိုးစေရန် ဆောင်းသီးနှံနေကြာအား သီးထပ်သီးညှပ် လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်