ပေါက်ခေါင်းမြို့နယ်၌ ဝါသီးနှံပေါ်ချိန်တစ်ပိဿာငွေကျပ် ၃၂၀၀ ဈေးရရှိသဖြင့် ဝါစိုက်ပျိုးတောင်သူများ အဆင်ပြေ

ပေါက်ခေါင်း ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်ဝါသီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝါတစ်ပိဿာကိုငွေကျပ် ၃၂၀၀ ပေါက်ဈေးရရှိသဖြင့် ဝါစိုက်ပျိုးထုတ်လုပ်သည့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျွန်တော်တို့ဒေသဘက်မှာတော့ နိုဝင်ဘာလကတည်းက ချည်မျှင်ရှည်ဝါတွေ စတင်ပြီးခူးဆွတ်ကြပါတယ် ခုကတော့ ဝါတွေလှိုင်လှိုင်ပေါ်ချိန်ဆိုတော့ တောင်သူတွေအားလုံး အပြိုင်အဆိုင်ခူးဆွတ်နေကြတယ်၊ ဝါဈေးကွက်အနေနဲ့တော့ လက်ရှိပေါက်ဈေးတစ်ပိဿာကျပ် ၃၂၀၀ ဈေးနဲ့ရောင်းချရပါတယ် ခုနှစ်ကအရင်နှစ်ကထက်ဈေးကောင်းရပါတယ်၊ တစ်ဧကကို ပိဿာ ၇၀၀ ခန့်ထွက်ရှိပါတယ်၊ ဝါစိုက်ပျိုးထုတ်လုပ်စရိတ်အနေနဲ့ တစ်ဧကကို ကျပ် သုံးသိန်းခွဲဝန်းကျင်ရှိပါတယ်၊ ဒါ့ကြောင့် ဝါစိုက်တောင်သူတွေအနေနဲ့ လုပ်ငန်းအဆင်ပြေပါတယ် " ဟု စောကဲကျေးရွာဝါစိုက်တောင်သူတစ်ဦးက ပြောသည်။

ဝါခူးဆွတ်ချိန်မှာ ကျေးရွာနေပြည်သူတွေအတွက်လည်း အလုပ်အကိုင်တွေရရှိပါတယ်လို့ ဆိုပါတယ်။ "ဝါခူးတာ နေ့စားရယ်လို့တော့မဟုတ်ဘူး ဝါတစ်ပိဿာကို ၄၀၀ ကျပ်ပေးရပါတယ်၊ တစ်ဦးလျှင်တစ်နေ့ကို ၁၅ ပိဿာ လောက်ထိရကြပါတယ်"ဟု အဆိုပါတောင်သူက ဆက်လက်ပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်ဝါစိုက်ရာသီ၌ ဝါကြီးနှင့်ချည်မျှင်ရှည်ဝါ စုစုပေါင်း ၇၆၄၀ ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)