မင်းဘူးခရိုင်အတွင်း၌ ဆောင်းသီးနှံလျာထားချက်နှင့် နွေစပါး စီမံကိန်းများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေးခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းဘူး ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ဆောင်းသီးနှံလျာထားချက်နှင့် နွေစပါးစီမံကိန်းများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး ၄ ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အစည်းအဝေးတွင် မင်းဘူးခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီ/ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ စီးပွားရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောင်းသီးနှံမျိုးစုံလျာထားချက်နှင့် နွေစပါးစီမံကိန်းများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေးတို့နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် သီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများ၊ ရာသီအလိုက် သီးနှံစိုက်ပျိုးထားရှိမှုနှင့် ကမို့နယ်အလိုက် ယခုနှစ်စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးဆောင်ရွက်သွားမည့် စီမံကိန်းအခြေအနေများကို ရှင်းလင်တင်ပြခဲ့ကြသည်။

မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်များ၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံအဖြစ် မတ်ပဲ ၄၄၃၄ ဧက၊ ပဲတီစိမ်း ၁၇၃၄ ဧက၊ မြေပဲ ၁၉၄၈၄ ဧက၊ နှမ်း ၂၅၄၄၈ ဧကနှင့် နေကြာ ၅၁၆၈၀ ဧကတို့ကို စံမံကိန်းလျာထား၍ စိုက်ပျိုးဆောင်ရွက်နေပြီး နွေစပါးကို ဧကပေါင်း ၃၇၃၁၇ ဧက စိုက်ပျိုးနိုင်ရေး စီမံကိန်းလျာထားဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)