ကြံခင်း ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်ဂိုဏ်းပေါင်းစုံ သံဃာနာယကဆရာတော်များက ဝိနည်းဓိုရ်နှင့် မြို့နယ်သံဃာနာယကဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ကြံခင်းမြို့ ရွှေညောင်ပင်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ပညာဆီမီးဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက"နမောတဿ"သုံးကြိမ် ရွတ်ဆိုကန်တော့ပြီးနောက်၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌမဟာဒွာရဂိုဏ်း ကန်ကလေးတောရဆရာတော် အဂ္ဂမဟာကမ္မဌာနစရိယ ဘဒ္ဒန္တပညာဝံသက ဩဝါဒစကား မြွတ်ကြားချီးမြှင့်ပြီး၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယမက ဝိနည်းဓိုရ်နှင့် မြို့နယ်သံဃာ့နာယကဆိုင်ရာ သင်တန်း၏ လုပ်ထုံး၊ လုပ်နည်းများနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က သာသနာရေးဆိုင်ရာများကို လျှောက်ထားဆွေးနွေးပြီးနောက် မြို့နယ်(လဝက)ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်အောင်က သာသနာရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းလျှောက်ထား ဆွေးနွေးကြသည်။ ယင်းနောက် ဝိနည်းဓိုရ်နှင့် မြို့နယ်သံဃာနာယကဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ့်မည့် နေ့ရက်၊ အချိန်နှင့် မြို့နယ်အတွင်း တက်ရောက်မည့် သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊ ကွမ်း ဝေယျာဝိစ္စများ လှူဒါန်းခြင်းကိစ္စရပ် ဆုံးဖြတ်ချက်များ ဆွေးနွေးကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို "ဗုဒ္ဓသာသနံ စိရံတိဌတု"သုံးကြိမ်ရွတ်ဆိုကာ ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)