ရွှေတောင် ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်သင်တန်း ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာကော်မတီ (ဥက္ကဋ္ဌ) ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား/ မအခြေပြုအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ (၁၆) ရက်တာ လှုပ်ရှားမှုတွင်ပါဝင်သည့် နေ့ရက်များ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှု၏ နောက်ဆက်တွဲအကျိုးဆက်များနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသူများကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ရွှေတောင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးကော်မတီပါဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)