ပွင့်ဖြူ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါ မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်ဝင်းထွန်းက အမှာစကားပြောကြားရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်များနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာ၌ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့လိုကြောင်း၊ ယခုသင်တန်းမှ ဖွင့်လှစ်သင်ကြားပေးမည့် မီးသတ်ဦးစီးဌာနလုပ်ငန်း လေ့ကျင့်ရေးနည်းစနစ်များကို စနစ်တကျ လေ့ကျင့်သင်ကြားပြီး မိမိဒေသတွင်း ဖြစ်ပေါ်လာသည့် မီးဘေး၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေးနှင့် အခြားသော ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရန် ထိထိရောက်ရောက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူးဦးရဲလင်းနောင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးအတွက် သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိစေမည့် အကျိုးကျေးဇူးများ၊ မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်လုပ်ငန်းတာဝန်(၄)ရပ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများအတွက် တူညီဝတ်စုံများ ပေးအပ်ရာ သင်တန်းသားကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းကို မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားဦးရေ ၅၀ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကာ ဒီဇင်ဘာ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ စာတွေ့လက်တွေ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)