စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး  အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်ကြာဖက်များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

စလင်း ဒီဇင်ဘာ  ၄

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြို့မစည်ပင်သာယာစျေးကြီးအတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရေး ပလတ်စတစ်မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ထားရှိမှုကို ပြည်သူများ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊  ကြာဖက်၊  အင်ဖက်နှင့်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်ကြာဖက်များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူးဦးနန်းဦးမောင်နှင့်၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ မြို့မစျေးကြီးအဝင် ဆိုင်းပုတ်ရှေ့နှင့်စျေးအတွင်းအပြင် ရောင်းချလျက်ရှိသည့် အသားတန်းနှင့်အသီးအရွက်၊ ငါးရောင်းချသည့် စျေးဆိုင်ခန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ အပတ်စဥ်တနင်္လာနေ့တိုင်း ပလတ်စတစ်မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ထားရှိရာ လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ စျေးရောင်းချထုပ်ပိုးရာတွင် ပလတ်စတစ်အစား မြို့နယ်မှထွက်ရှိသည့် ကြာဖက်၊ ငှက်ပျောဖက်များနှင့်အင်ဖက်စက္ကူတို့နှင့် ထုပ်ပိုးရောင်းချခြင်းများအား စစ်ဆေးခဲ့ပြီး ပလတ်စတစ်အိတ်များ အလွန်အကျွံသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများ ရှိစေနိုင်၍ မသုံးစွဲကြရန် ဟောပြောခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စျေးအတွင်း ကြာဖက်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

(မောင်လွင်)စလင်း