နတ်တလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်လှစ်

နတ်တလင်း ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မီးသတ်ပညာရပ်၊ အသက်ကယ်နည်းစနစ်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ပိုမိုသိရှိနားလည်ပြီး လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဌေးအောင်က အဖွင့်အမှာစကားပြောကြား၍ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီး ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ မီးသတ်တပ်ဖွဲ့ဝတ်စုံများပေးအပ်ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းတွင် မီးငြှိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ၊ B A SET အသုံးပြုနည်း၊ ရှာဖွေကယ်ဆယ်ပစ္စည်းများ အသုံးပြုနည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ဦးလတ်နှင့် လက်ထောက်မီးသတ်ဦးစီးမှူးဦးထိန်လင်းအောင်တို့မှ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ဒီဇင်ဘာလ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား(၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်ဆက်)