ပွင့်ဖြူမြို့မဈေး၌ ပလတ်စတစ်သုံးစွဲမှု လျော့ချရေးအသိပညာပေးလုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်မှု ကင်းဝေးစေရန်၊ မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ပလတ်စတစ် ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးအသိပညာပေးလုပ်ငန်းကို ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် အပတ်စဉ် တနင်္လာနေ့တိုင်း အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။ 

ယနေ့နံနက် ၇ နာရီခွဲက ပလတ်စတစ်သုံးစွဲမှု လျော့ချရေးအသိပညာပေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဈေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ဈေးရောင်းဈေးဝယ် ပြုလုပ်ရာ၌ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်မှုကင်းဝေးရေး ပလတ်စတစ်ပစ္စည်း အစားထိုး ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ကိုသာ သုံးစွဲသွားရန်၊  ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းကို ပညာပေးဟောပြော၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးလုပ်ငန်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့မဈေးကြီးအပါအဝင် ကျေးလက်စည်ပင်သာယာဈေးများဖြစ်သည့် ရှောက်တော၊ ကုန်းဇောင်း၊ လယ်ကိုင်း၊ ကျောင်းတော်ရာကျေးရွာများမှ ကျေးလက်စည်ပင်သာယာဈေးတို့အား အပတ်စဉ် တနင်္လာနေ့တိုင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောကြားသည်။         

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )