စလင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဆု​ပေးပွဲအခမ်းအနား ကျင်းပ

စလင်း  ဒီဇင်ဘာ  ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ  ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၃)နာရီအချိန်က စလင်းမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်အတွင်း မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် လူငယ်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကာ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ(၁၆)ရက်နေ့မှစတင်၍ အုပ်စု (၄)အုပ်စုခွဲ၍ ပြိုင်ပွဲဝင် ကလပ်အသင်း (၁၄)သင်းဖြင့် ကျင်းပခဲ့ရာ  ယနေ့ကျင်းပသည့် နောက်ဆုံးဗိုလ်လုပွဲတွင် Royal Eagle United အသင်းနှင့် Black King. Fc အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ Black King Fc အသင်းက (၂ဂိုး ၀)ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ ဂိုးအကောင်းဆုံးဆု၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု တစ်ဦးချင်းဆုတံဆိပ်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တတိယဆုရရှိသည့် Golden Star အသင်းအား ဆုဆွဲပြားနှင့် ငွေသားဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးအောင်သူမှလည်းကောင်း၊ ဒုတိယဆုရရှိသည့် Eagle United အသင်းအား စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ထင်လင်းအောင်မှလည်းကောင်း၊ ပထမဆုရရှိသည့် Black King Fcအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေလင်းနိုင်က အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများထံ ပေးအပ်ချီးမြှင့်ခဲ့ရာ တာဝန်ရှိ သူများနှင့် အားကစားသမားများက လက်ခံရယူကြသည်။

အဆိုပါအခမ်းအနား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးထင်လင်းအောင်၊ ရဲမှူးအောင်သူနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လုံခြုံရေးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း