ဇီးကုန်း ဒီဇင်ဘာ ၄
ဇီးကုန်းမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် များကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်ပညာရပ်၊ အသက်ကယ်နည်းစနစ်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ပိုမိုသိရှိနားလည်ပြီး လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော်တို့မှ မီးသတ်တပ်ဖွဲ့ဝတ်စုံများ ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းတွင် မီးငြှိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များ၊ B A SET အသုံးပြုနည်း၊ ရှာဖွေကယ်ဆယ်ပစ္စည်းများ အသုံးပြုနည်းများကို မြို့နယ်မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးသန်းနိုင်ဦးနှင့် လက်ထောက်မီးသတ်ဦးစီးမှူးတို့မှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ဒီဇင်ဘာလ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား(၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)