မြို့သစ် ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့သစ်မြို့ မြို့မစျေး၌ ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြို့သစ်မြို့ မြို့မဈေးအတွင်း/ အပြင်ရှိ ဈေးရောင်းဈေးဝယ်သူများနှင့်တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုး ပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှုအခြေအနေများကို အသိ ပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ်သူများအား သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ပလတ်စတစ်ပစ္စည်းလျှော့ချနိုင်ရေး အစားထိုးအသုံးပြုနိုင်ရန် အင်ဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြပြီး ဈေးဝန်းကျင်သန့်ရှင်းသာယာရေး အလေးထားဆောင်ရွက်ရန် ဈေးတာဝန်ခံနှင့် ဈေးသူဈေးသားများကို မှာကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ( မြို့သစ် )