စစ်တွေ ဒီဇင်ဘာ ၃
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက မြန်မာနိုင်ငံအနေဖြင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူတန်းတူညီမျှ အခွင့်အရေးရရှိရေးကြိုးပမ်းဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့်စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များနှင့်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားများကို (၁၉၉၄)ခုနှစ်ကစပြီး အစဉ်အလာမပျက်ကျင်းပခဲ့ရာ ယခုနှစ်အထိအကြိမ်(၃၀)ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ယခုနှစ်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ United in action to rescue and achieve the SDGs for, with and by persons with disabilities ဖြစ်ပြီး မြန်မာပြန်ဆိုထားသော ဆောင်ပုဒ်မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့မှာ ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေနှင့် ၂၀၁၇ ခုနှစ်မှာ နည်းဥပဒေများကို အသီးသီးပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့ပြင်မသန်စွမ်းသူများ၏အခွင့်အရေးများ ဆိုင်ရာအမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ်မှာဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ အာဆီယံမဟာဗျူဟာလုပ်ငန်းစဉ်(၂၀၁၅)တို့နှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၇)ကို အတည်ပြုပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မဟာဗျူဟာ(၅)နှစ်စီမံကိန်းမှာ မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့်အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့်အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြုနိုင်မှုစသည့် ကဏ္ဍစုံပါရှိကြောင်း၊ ထို့ကြောင့် မဟာဗျူဟာ(၅)နှစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ(Sustainable Development Goals)ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်မှာကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့၏ ဦးတည်ဆောင်ပုဒ်နှင့်အညီ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ(Sustainable Development Goals )ရရှိစေရေး ဦးတည်ဆောင်ရွက်ကြရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး(Leaving no one behind)မူကို လက်ကိုင်ထားပြီး မသန်စွမ်းသူများ၏အခွင့်အရေးကို မသန်စွမ်းသူများနှင့်အတူပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ Video Clip အားပြသပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် မသန်စွမ်းသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။ ယင်းနောက် မသန်စွမ်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် Video Clip အားပြသခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)