သံတွဲ ဒီဇင်ဘာ ၃
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ လက်ထောက်ပညာရေးမှူးဦးစိန်မင်းအောင်နှင့် ကြီးကြပ်ရေးမှူး ဦးအောင်ကျော်သန်းတို့က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် “ဘယ်ခါမမေ့အမျိုးသားနေ့” ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲဝင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၆)ဦး၊ အလယ်တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ(၅)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် လက်ဆင့်ကမ်းထိန်းသိမ်းထားရမည့် အမျိုးသားအောင်ပွဲနေ့ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၈)ဦး၊ အလယ်တန်းအဆင့်(၉)ဦး စုစုပေါင်းကျောင်းသား/ကျောင်းသူ(၂၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်
ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ခရိုင်/ပြန်ဆက်