ပွင့်ဖြူ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီမှ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ် စာကြည့်တိုက်လုပ်ငန်းစဉ် ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် Succar Foundation နှင့် Unicef အဖွဲ့တို့မှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဦးစွာ ကျေးရွာစာကြည့်တိုက် ကော်မတီအကျိုးတော်ဆောင် ဒေါ်မြမြထွေးက အဖွင့်အမှာစကား ပြောကြားပြီး စာကြည့်တိုက်မှူး ဒေါ်သီတာဝင်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ ၉၅ ဦးက စာကြည့်တိုက်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အားပါးတရ ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် (ပထမ ၊ ဒုတိယ ၊ တတိယ) ဆုရရှိသူများကို ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမှတ်တရ ပစ္စည်းများဖြင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကျေးရွာ စာကြည့်တိုက်ကော်အကျိုးတော်ဆောင် အဖွဲ့ဝင်များက စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာကြည့်တိုက် လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
အဆိုပါ စာကြည့်တိုက်လုပ်ငန်းစဉ် ပြိုင်ပွဲကို ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ စာပေအသိပညာ ဗဟုသုတ ကြွယ်ဝစေရေးအတွက် ကျေးရွာစာကြည့်တိုက် လုပ်ငန်းများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန်၊ ကျောင်းနေ အရွယ်ကလေးများ စာကြည့်တိုက်လှုပ်ရှားမှုများတွင် ပိုမိုစိတ်ဝင်စားလာပြီး စာပေလေ့လာ ဖတ်ရှုခြင်းအပြင် စာကြည့်တိုက်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ၊ စာကြည့်တိုက် အသုံးပြုခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများကို ကောင်းစွာသိရှိ နားလည်စေရန် ၊ စာကြည့်တိုက်ကို အကျိုးရှိရှိ အသုံးချပြီး လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာ၌ အကျိုးပြုစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါ နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်စာကြည့် တိုက်မှ စာကြည့်တိုက်ကော်မတီအကျိုးတော်ဆောင် ဦးမိုးနန်းဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )