မော်လမြိုင် ဒီဇင်ဘာ ၃
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းးက ယခုနှစ်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးကသတ်မှတ်ပေးတဲ့ ဆောင်ပုဒ်ကတော့ “ United in action to rescue and achieve the SDGs for, with and by persons with disabilities” “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့ ” ဆိုတာပဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်မှစတင်၍ အစဉ်အလာမပျက် ကျင်းပလာခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင် အကြိမ်(၃၀)ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အနေဖြင့်လည်း မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ မွန်ပြည်နယ်ကော်မတီကို အမျိုးသားကော်မတီ၏ (၃၁.၁.၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၃ ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းမသန်စွမ်းသူများအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါကြောင့်မို့ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးမှာကူညီနိုင်သူ၊ အင်အားရှိသူတွေဟာ မျက်ကွယ်ပြုလျစ်လျူရှုမနေပဲ မသန်စွမ်းသူတွေရဲ့အခွင့်အရေးတွေ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါကြောင်း၊ မသန်စွမ်းသူတွေ လူ့အသိုင်းအဝိုင်းထဲမှာ ခွဲခြားဆက်ဆံမှုမရှိဘဲ သာမန်လူများကဲ့သို့ အများနည်းတူ တန်းတူအခွင့်အရေးရနိုင်ဖို့၊ လူ့အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတိုင်းမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့၊ ဦးဆောင်နိုင်စွမ်းတွေရှိဖို့အတွက် ပံ့ပိုးကူညီပေးဖို့က လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူသားတိုင်းမှာ တာဝန်ရှိပါကြောင်း၊ ပြည်သူများအနေနဲ့ မသန်စွမ်းမှုကို အကြောင်းပြုလို့ မသန်စွမ်းသူများကို ခွဲခြားဆက်ဆံခြင်း မပြုကြဖို့နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို အလေးထားအသိအမှတ်ပြုပေးကြကာ မသန်စွမ်းသူများ၏ အခွင့်အရေးတန်းတူညီမျှမှု ပိုမိုရရှိစေရန် ဆောင်ရွက်ပေးကြဖို့ အထူးမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ကုလသမဂ္ဂမှပေးပို့သော UN Message Video Clip ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းသူများ၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း Video Clip ပြသခြင်းအားလည်းကောင်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ဦးကံထူးအောင်မှ စည်းလုံးခြင်းရဲ့သီချင်းတစ်ပုဒ်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုအားလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ပေးသော ကျိုက်ထိုမြို့နယ်၊ ကိုယ်အင်္ဂါမသန်စွမ်းသူဦးကံထူးအောင်နှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလာနိုင်ရေး သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားသည့် “ Royal Mawlamyine Hotel “မှ တာဝန်ရှိသူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးအပ်၍ မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများကို မွန်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ခန်းမအတွင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)