ပွင့်ဖြူမြို့နယ်၌ မြို့ပြအင်္ဂါရပ်နှင့် သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေး

ပွင့်ဖြူ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပျက် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ရမည့် အချက်များ ပါဝင်သော ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးနှင့် မြို့တွင်းလမ်းဆုံ၊ လမ်းခွများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာပေး လက်ကမ်းစာစောင်တွင် မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြို့ပြနှင့် ကျေးလက်ဒေသတစ်ခွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ တားမြစ်ချက်များ၊ စည်ပင်သာယာရေးလုပ်ငန်းများ၏ စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများ၊ ကတ္တရာလမ်းများ ရေရှည်တည်တံ့ကောင်းမွန်ရေး ပြည်သူလူထု ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ရမည့် နှိုးဆော်လွှာများ၊ ရေနုတ်မြောင်းများ အသစ်ဖောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေများ၊ မြို့ပြ သန့်ရှင်း သပ်ရပ်စေရေး အမှိုက်သိမ်းယာဉ်များဖြင့် အမှိုက်သိမ်းဆည်း ဆောင်ရွက်နေမှု အခြေအနေများ၊ အမှိုက်စွန့်ပစ်မှု လျော့နည်းစေမည့် နည်းလမ်းများနှင့် စွန့်ပစ်ပစ္စည်းများအနက်မှ ပြန်လည်အသုံးပြု ဆောင်ရွက်ရန် နည်းလမ်းများစသည့် မြို့ပြသန့်ရှင်းသာယာရေးဆိုင်ရာ သိကောင်းစရာများ ပါဝင်ကြောင်း သိရသည်။

ယမန်နေ့က ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများ အဖွဲ့က လူစည်ကားရာ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် မြို့တွင်းလမ်းဆုံး၊ လမ်းခွများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို မြို့ပြသန့်ရှင်းသာယာရေးဆိုင်ရာ သိကောင်းစရာ ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ လိုက်လံဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )