မုံရွာ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား မသန်စွမ်းမှုအမျိုးအစားအလိုက် အခွင့်အရေးများရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီအား တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာအဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်သကဲ့သို့ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများချမှတ်နိုင်ရန်အတွက် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်မှုများအား ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
တိုင်းဒေသကြီးအတွင်း နေရာဒေသအသီးသီးတွင်ရှိကြသည့် မသန်စွမ်းသူများ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရေးအတွက် မြှင့်တင်အားပေးဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်နေကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ နည်းပညာစွမ်းအားကိုအသုံးပြုပြီး မသန်စွမ်းသူများဘ၀ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သည့် သဝဏ်လွှာနှင့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က သီချင်းဆိုပြိုင်ပွဲ၊ ဂိုးဘောပြိုင်ပွဲ၊ ဘောလုံးကန်ပြိုင်ပွဲ၊ အမြင်အာရုံမသန်စွမ်းပြိုင်ပွဲ၊ ကိုယ်အင်္ဂါမသန်စွမ်းသံလုံးပစ်ပြိုင်ပွဲနှင့် အပ်ချည်ထိုးပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးဇော်ထူးက ဒုတိယဆုရရှိကြသူများအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးဝင်းမြတ်စိုးက တတိယဆုရရှိကြသူများအားလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးတို့က နှစ်သိမ့်ဆုရရှိကြသူများအားလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မသန်စွမ်းသီချင်းဆိုပြိုင်ပွဲများတွင် ဆုရရှိကြသူများက ဆုရတေးသီချင်းများဖြင့် ပြန်လည်သီဆိုဖျော်ဖြေကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်