ပေါက်ခေါင်းမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ပေါက်ခေါင်း ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ပေါက်ခေါင်း)ကျောင်း၌ ကျင်းပပြုလုပ်သည်။

အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူလေးများ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေး၊ ဇာတိသွေး၊ ဇာတိမာန် အမျိုးသားရေး စိတ်ဓာတ်များ ရှင်သန်တိုးတက်လာစေရန် ရည်ရွယ်၍  (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းပေါင်းစုံ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အ.ထ.က(ပေါက်ခေါင်း)၊ အ.ထ.က(အိုးဘိုကုန်း)၊ အ.ထ.က(ကြို့ပင်ကန်)၊ အ.ထ.က(ဓမ္မသော်)၊ အ.ထ.က(ခွဲ) အမှတ်-၁ နှင့်အလက(အုတ်ပုံ)ကျောင်းတို့မှ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် " အမျိုးသားနေ့နှင့် မျိုးဆက်သစ်တို့၏ တာဝန် "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "အမျိုးသားနေ့အဓိဋ္ဌာန် "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် " အမျိုးသားရေးအားမာန် " ခေါင်းစဉ်နှင့်အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် " အမျိုးသားနေ့မြတ်မမေ့အပ်" ခေါင်းစဉ်တို့ဖြင့် အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၅၉)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)