စဉ့်ကိုင် ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် လူငယ်များ၏စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရန်၊ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကျင်းပသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ(၁၅)ရက်နေ့မှစတင်၍ အုပ်စု(၂)စုခွဲကာ၊ ပြိုင်ပွဲဝင် ကလပ်အသင်း(၈)သင်းဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် နောက်ဆုံးဗိုလ်လုပွဲတွင် SES အသင်းနှင့် Master Max အသင်းတို့ယှဉ်ပြိုင်ခဲ့ကြရာ SES အသင်း က Master Max အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ အကောင်းဆုံးအားကစားသမားဆု၊အကောင်းဆုံး ဂိုးသမားဆု၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းဆုအကောင်းဆုံး အားကစားသမားဆု၊ နောက်တန်း အကောင်းဆုံး အားကစားသမားများဆု၊ အသန့်ရှင်းဆုံး အားကစာသမားဆုများနှင့် တစ်ဦးချင်းဆုတံဆိပ်များကို ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တတိယဆု ငွေသားကျပ် တစ်သိန်းနှင့် ဆုဆွဲပြားကို မြို့နယ်မီးသတ်ဦးစီးမှူးဦးကြည်ဇော်ထိုက်က ရွှေပေလိပ်အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများထံ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဒုတိယဆုငွေသားကျပ် နှစ်သိန်းနှင့်ဆုဆွဲပြားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးပြိုင်မှ ဒုရဲမှူးကျော်မိုးက Master Max အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများထံ ပေးအပ်ချီးမြှင့်ပြီး ပထမဆုငွေသားကျပ် သုံးသိန်းနှင့် တံခွန်စိုက်ဒိုင်းဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က ပေးအပ်ချီးမြှင့်ရာ SES အသင်းမှ တာဝန်ရှိသူများနှင့် အားကစားသမားများက လက်ခံရယူကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ထူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ရဲလှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးနှင့်ကျန်းမာရေးတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း အားကစားသမားများနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)