ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ကွမ်းခြံကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု

ကွမ်းခြံကုန်း ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ  လိုက်လံကြည့်ရှူရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး   အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်  ဌာနဆိုင်ရာများနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လိုက်ပါပြီး ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာအုပ်စု ရန်ကြီးအောင်ကျေးရွာတွင် နွေးစပါး Seederနှင့် ဆောင်းသီးနှံ စိုက်ပျိုးခြင်း သရုပ်ပြခြင်း၊ မျိုးစေ့ချ ကိရိယာဖြင့် နွေးစပါး မျိုးစေ့ချစိုက်ပျိုးသရုပ်ပြပွဲ ကြည့်ရှုအားပေးခြင်း၊ တောင်သူများအား သီးနှံမျိုးစေ့နှင့် စိုက်ပျိုးစရိတ် ချေးငွေများ လွှဲပြောင်းပေးအပ်ခြင်း၊ ဆက်လက်၍ တောင်သူဦးမြင့်ဦး၏ လယ်မြေတွင် နွေးစပါး၊ Seederနှင့် စိုက်ပျိုးခြင်းနှင့် ရွှေပြောင်းဆိုလာရေတင်စက်ဖြင့် ရေသွင်းစိုက်ပျိုးမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကမာပါကျေးရွာအုပ်စု ကွမ်းခြံကုန်းရေထိန်း တံခါးဆောင်ရွက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဆည်မြောင်နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရေထိန်းတံခါးတည်ဆောက်နေမှု အခြေအနေအား တာဝန်ရှိသူများက ရှင်လင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဆွေနွယ်(IPRD)