ကျိုင်းလပ်မြို့ Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ ကျင်းပ

ကျိုင်းလပ် ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဒီဇင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမြင့်က  Community Centre ခန်းမတွင် မူလတန်း ကျောင်းသား/ ကျောင်းသူလေးများအား အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမျိုးသားအောင်ပွဲနေ့ သမိုင်းဖြစ်ပေါ်လာပုံ၊ အမျိုးသားညီညွှန်ရေးဆိုသည်မှာ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်၊ အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်စသည့်အကြောင်းအရာများအား  အကျယ်တဝင့်ရှင်းလင်းဟောပြောသည်။

ထို့နောက် ကျောင်းသူ/ကျောင်းသားများက ပြသထားသည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ပြသထားသော စာအုပ်စာစောင်များကို ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)