လားရှိုးမြို့အနီးကျေးရွာများတွင် ယာယီနေရပ်စွန့်ခွာနေရသူများအား စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများလှူဒါန်း

လားရှိုး ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားသောတိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့အနီးရှိ ကျေးရွာအချို့ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီနေရပ်စွန့်ခွာနေကြရသည့်  ဒေသခံပြည်သူများအတွက် စေတနာရှင်အလှူရှင်များက ပေးပို့လှူဒါန်းသည့်ပစ္စည်းများကို ပရဟိတအဖွဲ့များက အလှူရှင်များကိုယ်စား ယမန်နေ့ကသွားရောက်ပေးပို့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အလှူရှင်များလှူဒါန်းသည့်ပစ္စည်းများကို လားရှိုးမြို့နယ်အတွင်းရှိ စဉ့်အင်၊ ပန်ဆပ်၊ ပုန်းထွန်ကျေးရွာ ဘုန်းကြီးကျောင်းတို့တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူများထံ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းရုံးကိုဆက်သွယ်ပြီး အလှူရှင်တွေလာရောက်လှူဒါန်းခဲ့ကြတဲ့ ပစ္စည်းတွေကို အရင်နေ့တွေက မြို့ပေါ်က ယာယီနေရပ်စွန့်ခွာစခန်းတွေမှာ သွားပြီးလှူဒါန်းခဲ့ပြီးပါပြီ။ အခု ရွာတွေမှာ လိုအပ်ချက်ရှိနေလို့ ရွာတွေဘက်မှာ သွားလှူပေးတာပါ။ ” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

လားရှိုးမြို့တွင် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ဗောဓါရုံကျောင်းတိုက်၊တပ်ဦးကျောင်းတိုက်၊ ရွှေပြည်အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူကျောင်းတိုက်၊ ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအပါအဝင် ယာယီတိုက်ပွဲရှောင်စခန်း(၂၀)နီးပါးခန့်ထိ ရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)