ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး (နည်းပြ)သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၃

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး(နည်းပြ)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင်ကျင်းပခဲ့ရာ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ရီရီတင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဖွင့်ပွဲသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင်နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်း၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူးဦးထိန်လင်းနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူးဦးကျော်မြင့်အောင်၊ နည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။

အဆိုပါ ဒီဇင်ဘာလ(၂)ရက်နေ့မှ(၆)ရက်နေ့အထိ(၅)ရက်တာဖွင့်လှစ်သွားမည့်သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီမံချက်မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ခရမ်းမြို့နယ်စီမံချက်ဝင်ကျောင်း(၁၅)ကျောင်းမှ ဆရာ/မများ စုစုပေါင်းသင်တန်းသား/သူ (၃၀)ဦးတက်ရောက်လျက်ရှိသည်။

သင်တန်းကိုအသင်းအနေဖြင့် ကျောင်းအခြေပြုဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)