လယ်ဝေး ဒီဇင်ဘာ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်နေသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာစေရန် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတို့၏ ဘဝအာမခံချက်ရှိစေရေး၊ ကောင်းမွန်သောမွေးမြူထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီ နည်းစနစ်မှန်စွာမွေးမြူရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ရေး၊ တိရစ္ဆာန်မှကူးစက်နိုင်သည့် ရောဂါများကို ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့ပြနှင့်ကျေးလက်လူနေမှုဘဝကို ကွာဟမှုမရှိစေရန်၊ မွေးမြူရေးဖွံ့ဖြိုးပြီး အသားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများတွင် ဇီဝလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွေးမြူရေးအပြင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများသည် အရေးကြီးသော တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်နိုင်သည့် သီးနှံအုပ်စုဖြစ်သဖြင့် သီးနှံစုံစိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များက နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်နေမှုအခြေအနေများကို ဆွေးနွေးရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးကလိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ကမ်းပါးနီကျေးရွာရှိ ကြံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသို့ရောက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ခြံတာဝန်ခံတို့က ၂၀၂၃-၂၀၂၄ ခုနှစ် ကြံရာသီ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်၊ ကြံလမိုင်း၊ ခင်းသစ်နှင့် အထူးအထွက်တိုးကြံများ စိုက်ပျိုးထားရှိမှု တောင်သူပညာပေဗဆးဆောင်ရွက်နေမှုများ၊ ကြံစိုက်တောင်သူများက ကြံစိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စက်မှုကုန်ကြမ်းသီးနှံကြံသီးနှံကို ဒေသ၊ ရေမြေနှင့်ကိုက်ညီသည့် ကိုယ်ပိုင်စပ်မျိုးများနှင့် ပြည်ပစပ်မျိုးများကို ဌာနမှစမ်းသပ်ဖော်ထုတ် ဖြန့်ဝေလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ဌာနမှပညာပေးဆောင်ရွက်မှုများအပေါ် အလေးထားဆောင်ရွက်ကြစေလိုကြောင်းမှာကြားပြီး နဝဒေးကြံမျိုး မျိုးပွားစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပန်းတင်ကျေးရွာ မွေးမြူရေးတောင်သူ ဒေါ်မေသွေးကို၏ ဟိန်းမဟာအသားတိုးကြက်မွေးမြူရေးခြံသို့ရောက်ရှိရာ ခြံတာဝန်ခံမှ အသားစားကြက်ကောင်ရေ ၁၈၀၀၀ မွေးမြူထားရှိမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ မွေးမြူရေးစနစ်ကို ဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် ပိုးမွှားရောဂါကျရောက်မှုကို အလေးထားဆောင်ရွက်ရန်မှာကြားပြီး အသားတိုးကြက်မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးသည်။
အလားတူ အလယ်ကျွန်းကျေးရွာအုပ်စု၊ သစ်ခေါက်ခွကျေးရွာ မြစ်ကျိုးအင်း ငါးမွေးမြူရေးကန်သို့ရောက်ရှိရာ ငါးမွေးမြူရေးတောင်သူဦးမြင့်အောင်၏ ၁၆ ဒသမ ၉၄ ဧကတွင် ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ရွှေဝါငါးကြင်းနှင့် ငွေရောင်ငါးကြင်းများ မွေးမြူထားရှိမှုကို ရှင်းလင်းတင်ပြရာ ငါးမွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး ငါးလုပ်ငန်းဦးစီးဌာနက အသေးစားတစ်ပိုင်တစ်နိုင်မွေးမြူသူများနှင့် ငါးမွေးမြူရေးလုပ်ငန်းတွင် စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြုပ်နှံသူလုပ်ငန်းရှင်များကို နည်းပညာနှင့်အကူအညီများ ဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)