စဉ့်ကိုင် ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး (UMK) ရေးသားထားသည့် “ကတိစကားလေးတစ်ခွန်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝါသနာပါသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာဖတ်ပရိတ်သတ်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားခြင်း၊ မိတ်ဆွေအပေါင်းအသင်းများ တိုးပွားခြင်း၊ အတွေးအခေါ်သစ်များ ရရှိခြင်း၊ အချိန်အနည်းငယ်အတွင်း အသိပညာများစွာ ရရှိစေသောကြောင့် စာဖတ်ဝိုင်းသို့ တက်ရောက်ကြစေလိုကြောင်း၊ ယခုကဲ့သို့ စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် စာဖတ်သည့် အလေ့အထများ ပိုမိုတိုးတက်ရရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယကဦးသန်းအောင်က စာဖတ်ဝိုင်းများကို အပတ်စဉ် ဆောင်ရွက်သွားစေလိုကြောင်း သို့မှသာ အသင်း၀င်များအနေနှင့် အတွေးအမြင်များ ဖတ်ရှုလေ့လာမှုများကို ပြန်လည်မျှဝေခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှင်းချစ်ခင်လာမှာဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာရေးဆရာ တိုက်ကြည် (တရားလွှတ်တော်ရှေ့နေ) (စဉ့်ကိုင်)က “ကတိစကားလေး တစ်ခွန်း”စာအုပ်တွင်ပါရှိသည့် “လိပ်ပြာသန့်ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးအောင်ဆန်း စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းက(Book Club )အဖွဲ့က “ ကိုယ့်ကိစ္စ ကိုယ်လုပ်ဖို့လို” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်ဆန်း စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့က “အလေ့အကျင့်ကောင်းပျိုးထောင်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မိုးမိုးစာပေချစ်သူများ အသင်း (BookClub) အဖွဲ့က “ကတိစကားလေး တစ်ခွန်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသန်းဦးက“ အတိမ်အနက်ကိုကြည့်ပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးထွန်းမြင့်က “အမုန်းတွေကိုမေ့ပစ်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော စာပေဝါသနာ ရှင်များကလည်း စာအုပ်ပါအခန်းကဏ္ဍအလိုက် အသီးသီး ပါ၀င်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)