မြိတ်မြို့ဆိပ်ငယ်ဈေးကြီးတွင် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး အသိပညာပေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

မြိတ် ဒီဇင်ဘာ ၃

ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်၍ မီးသတိမူရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ယမန်နေ့ နံနက်ပိုင်းက ဈေးမီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ခရိုင်မီးသတ်ဦးစီးဌာနမှ ဈေးသူဈေးသားများအား အသိပညာပေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

ဈေးများသည် ပြည်သူများ၏ အရင်းအနှီးများကို စုစည်းထားသည့်နေရာ၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ကုန်စည်များ လည်ပတ်စီးဆင်းကာ စီးပွားရေး အချက်အချာကျသည့်နေရာ၊  နိုင်ငံ၏ အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ တွင်လည်း အဓိကအရေးကြီးသော နေရာတစ်ခုဖြစ်သည့်အပြင် ဈေးများ မီးလောင်ဆုံးရှုံးပါက လူ့အသက်အိုးအိမ် ပစ္စည်းများ၊ မြို့ပြများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကိုပါ များစွာ ထိခိုက်နစ်နာဆုံးရှုံးရတတ်သဖြင့် ဈေးများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် မီးသတိမူရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့်  မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းဖြစ်သည်။

ရှေးဦးစွာ ဈေးကော်မတီရုံးခန်းတွင် ဈေးသူဈေးသားများအား မီးသတိမူရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြပြီး ဈေးအပြင်ဘက်တွင် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးစန်းဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက Dry Chemical Powder မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်နည်းကို ပညာပေးပြသခဲ့ရာ ဈေးသူဈေးသားများက လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဈေးအတွင်းမှ လူနာကယ်ထုတ်ခြင်းနှင့် ဒဏ်ရာရ လူနာများအား ရှေးဦးပြုစုခြင်း၊ လူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်ခြင်း၊  မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်များနှင့် စက်များဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်းကို စနစ်တကျ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး ဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခဲ့ကြသည်။  မီးငြှိမ်းသတ် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို  မြိတ်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဈေးသူဈေးသားများက  ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)