ညောင်ဦး ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ မြို့ပေါ်နှင့် ကျေးလက်တောင်သူများ စီးပွားဖြစ် နှစ်ရှည်ပင်ဖြစ်သော လျှော်ဖြူစိုက်ပျိုးမှု များလာကြောင်း လျှော်ဖြူ ၁၀ ဧကကျော် စိုက်ပျိုးထားသည့် ငါ့သရောက်မြို့ အမှတ်(၂) ထန်းငယ်တောရပ်နေ ဦးအောင်ဆန်းက ပြောပြသည်။
ငါ့သရောက်နယ်သည် သီးနှံစိုက်ပျိုးရေးအတွက် မိုးရာသီကိုသာ မှီခိုအားထားစိုက်ပျိုးရေးလုပ်ကိုင်နေရသော မိုးခေါင်ရေရှားဒေသဖြစ်ကာ တစ်နှစ်ပတ်လုံး မိုးရေချိန် နှစ်ဆယ်လက်မအောက်ဟုဆိုသော်လည်း တစ်နှစ်ပတ်လုံး တစ်ဆယ်လက်မ ပတ်ဝန်းကျင်သာ မိုးကျလေ့ရှိသော ဒေသဖြစ်ကြောင်း မြို့မိမြို့ဖတစ်ဦးက ပြောပြသည်။ ငါ့သရောက်မြို့တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် နှမ်း၊မြေပဲသီးနှံမရသည့် နှစ်ကလည်း အများစုနှစ်များဖြစ်ကြောင်း သန်မာထွားကြိုင်းသော အမျိုးသားများ ပြင်ပထွက် အလုပ်လုပ်နေကြပြီး ထန်းတောင်သူများနှင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် တောင်သူများ တဖြည်းဖြည်း ပြည်ပနိုင်ငံများသို့ ထွက်ရောက်အလုပ်လုပ်ကိုင်နေသည့် အရေအတွက်သည်ပင် အချို့သော ရွာများ အမျိုးသားရွာထဲ မကျန်သလောက် ပြင်ပထွက်အလုပ်လုပ်နေသည်မှာ အနာဂတ် စိုက်ပျိုးရေးအတွက် စိုးရိမ်ရသည့် အနေအထားနှင့် ရာသီဥတုဖောက်ပြန်မှုက ကျေးလက်နေတောင်သူများ ရွေးချယ်စိုက်ပျိုးရမည့် သီးနှံများကို နှစ်ရှည်သီးနှံပင်များ ရွေးချယ်စိုက်ပျိုးလာခြင်းက စွန့်စားမှုတစ်ရပ်ဖြစ်လာကြောင်း လျှော်ဖြူစိုက်ပျိုးထားသည့် ဦးအောင်ဆန်းက ပြောပြသည်။
လျှော်ဖြူစိုက်ပျိုးရာတွင်လည်း ကျောက်ပန်းတောင်း၊ ပုပ္ပား၊ ဆည်ပေါက် စိုက်ပျိုးရေး ပျိုးပင် အရောင်းဆိုင်များမှ အနည်းအကျဉ်း ဝယ်ယူကြသလို ဝမ်းတွင်းမြို့၊ သဲတောနယ်ဘက်မှ လျှော်ဖြူမျိုးစေ့များ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူကာ ပျိုးထောင်(မျိုး)ကာ ပျိုးသန့် မျိုးသန့် စိုက်ပျိုးမှုများလာကြောင်း သိရသည်။ သဲတော-ဝမ်းတွင်းမြို့များမှ ရောင်းချသည့် လျှော်ဖြူမျိုးစေ့များ တစ်ပြည်လျှင် တစ်သောင်းငါးထောင်ကျပ်ဖြင့် ဝယ်ယူကာ ပျိုးထောင်ပြီး စိုက်ပျိုးကြောင်း သိရကာ အချို့လျှော်ဖြူပျိုးစေ့ တစ်ပြည် ငါးထောင်ကျပ်ဖြင့် ရသော်လည်း ပျိုးထောင်ပြီး ပြန်လည်ရောင်းချသူများသာ ဈေးချိုတန်ဝယ်ယူပြီး ပျိုးထောင်ရောင်းချကြောင်း ဆည်ပေါက်ကျေးရွာ The Tree ပျိုးပင်စုံရောင်းဝယ်ရေးမှ မဖူးဖူးက ပြောပြသည်။
ငါ့သရောက်မြို့နယ်တွင် ဧကများများ စိုက်ပျိုးမည့်သူများသည် ပျိုးပင်များ ဝယ်ယူမစိုက်ပျိုးဘဲ လျှော်ဖြူမျိုးကောင်းမျိုးသန့် ပျိုးစေ့များ ကိုယ်တိုင်ဝယ်ယူပျိုးထောင်ကာ စိုက်ပျိုးကြကြောင်း သိရပြီး လျှော်ဖြူစေ့ ပျိုးထောင်ပြီး သုံးလခွဲလေးလရောက်လျှင် စိုက်ခင်းစိုက်ပျိုးမည့် မြေကျင်းများသို့ ရွေ့ကာ စိုက်ပျိုးကြောင်း သိရသည်။ ငါ့သရောက်မြို့နယ်သည် ဇူလိုင်လနှင့် ဩဂုတ်လနှစ်လသည် နှစ်တိုင်းမိုး ပုံမှန်ရွာသွန်းသည့် လဖြစ်ခြင်းကြောင့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးရန် အသင့်တော်ဆုံးလဖြစ်ကြောင်း ဦးအောင်ဆန်းမှ ပြောပြသည်။ လျှော်ဖြူစိုက်ပျိုးရာတွင် ကွက်စိပ် တစ်ဆယ့်ခြောက်ပေပတ်လည် ကျင်းတူးကာ စိုက်ပျိုးပြီး လျှော်ဖြူပင်များအား နှစ်ပတ်ခန့်အထိ ရေလောင်းပေးကြောင်း လျှော်ဖြူပင်သည် ဥပါသည့် အပင်ဖြစ်ပြီး ပင်ကြီးအမျိုးအစားဖြစ်ခြင်းကြောင့် ရာသီဥတုပူပြင်းသည့် ဒဏ်ခံနိုင်ကာ တော်ရုံဖြင့် မသေကြောင်း သိရသည်။ ငါ့သရောက်မြို့တွင် နှစ်ရှည်စိန်တစ်လုံးသရက်စိုက်ပျိုးခြင်းနှင့် လျှော်ဖြူနှစ်ရှည်ပင်များ စိုက်ပျိုးမှု များလာခြင်းကြောင့် ရာသီဥတု ကောင်းမွန်လာဖို့ တစ်ထောင့်တစ်နေရာမှ အကျိုးပြုတော့မည်ဖြစ်ကာ လျှော်ဖြူစေးထုတ်နိုင်သည့် အဆင့်ရောက်လျှင်တော့ လျှော်ဖြူစေးထုတ်ယူပုံများနှင့် ဈေးကွက်အနေအထားများကို ကိုယ်တိုင်သွားရောက်လေ့လာမည်ဖြစ်ကြောင်း လျှော်ဖြူစိုက်တောင်သူများထံက သိရသည်။
ဒီပါလင်း(ပြန်/ဆက်)