မိုင်းကိုင်မြို့နယ်၌ (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိုင်းကိုင် ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အကြိုဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့မနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦး၊ အခြေခံပညာ အထက်တန်းကျောင်းမှ ဒေါ်နန်းသန်းတင်၊ ဒေါ်နန်းစန်းတို့က အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားနေ့နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ လူငယ်တွေရဲ့တာဝန် စသည့်ခေါင်းစဉ်များဖြင့်  ဆွေးနွေးဟောပြောရာ  တက်ရောက်လာကြသည့်  ကျောင်းသားကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အထက်တန်းအဆင့်တွင် အမျိုးသားနေ့ မမေ့မြဲအစဉ်၊ အလယ်တန်းအဆင့်တွင် အမျိုးသားနေ့နှင့် လူငယ်တာဝန်၊ မူလတန်းအဆင့်တွင်  အမျိုးသားနေ့တို့မမေ့ စသည့်ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၅ ဦးတို့က  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ချော