ကျိုင်းလပ်မြို့၊ နမ့်ကိုင်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်း

ကျုင်းလပ် ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးအုပ်စု၊ နမ့်ကိုင်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နမ့်ကိုင်းကျေးရွာတွင် ကာလရှည်သီးနှံများဖြစ်သော စပါး၊ ဖရဲ၊ ငှက်ပျောစသည့် သီးနှံများစိုက်ပျိုးရာတွင် လုပ်သားရှားပါးမှု၊ အခက်အခဲနှင့်သွင်းအားစုများ ပိုမိုသုံးစွဲရသဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိသည့် ကာလတိုသီးနှံများကို ပိုမိုစိုက်ပျိုးလာကြပြီး၊ ခရမ်းပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။ အဆိုပါခရမ်းစိုက်ပျိုးမည်ဆိုပါက  အပင်အသေအပျောက်မရှိစေရေးအတွက် ပျိုးထောင်ပြီး သန်မာသည့် ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်းရလွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၃) ပေခန့်အကွာ စိုက်ပျိုးမှသာ အပင်ပြန်ပွားမှုနှင့် အသီးများပို၍ သီးကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းနှုတ်ခြင်းနှင့် လိုအပ်သည့်အခါ ပိုးမွှားကာကွယ်ဆေးများ အသုံးပြုရကြောင်း၊ ရေအစိုဓာတ်မပြက်စေရန်အတွက် ရေသွင်းပေးရကြောင်း ခရမ်းစိုက်တောင်သူ ဒေါ်အားမီထံမှ သိရသည်။

ခရမ်းသီးနှံသည် အပင်အပြုအစုကောင်းပါက တစ်နှစ်ပတ်လုံးနီးပါး ဆွတ်ခူးရောင်းချနိုင်သည့် သီးနှံတစ်မျိုးဖြစ်ပြီး၊ ဆောင်းရာသီတွင် စိုက်ပျိုးပါက ပို၍အောင်မြင်ဖြစ်ထွန်းကြောင်း၊ စိုက်သည့်ရက်မှ (၄၅)ရက်သားတွင် စတင်ဆွတ်ခူးရကြောင်း၊ အသီးလှိုင်ချိန်တွင် တစ်ရက်ခြားဆွတ်ခူးရကြောင်း၊ အလုံးကြီး (၂) လုံးပါတစ်တွဲနှင့် အလုံးသေး(၃) လုံးပါတစ်တွဲလျှင်(၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း ဝယ်ယူစားသုံးသူများအနေဖြင့် ဒေသခံပြည်သူများအပြင် တာလေမြို့သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

စန်းစန်းမြင့် (ပြန်/ဆက်)