ထားဝယ် ဒီဇင်ဘာ ၂
ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ပထမပတ်) ကို ယနေ့နံနက် ၆ နာရီခွဲအချိန်က ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ထိုနောက် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တာလွှတ်၍ဖွင့်လှစ်ပေးပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများက ရွှေဝယ်သီရီအားကစားကွင်း အတွင်းဝိုင်းပတ်၍ ၁ မိုင်ခွဲ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)ကို စုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။
ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ပထမ) အပတ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးကောလိပ်မှ ကျောင်းသား/ ကျောင်းသူများl အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၈၀၀) ခန့်ပါဝင်ဆင်နွှဲခဲ့ကြပြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် သော မသန်စွမ်းအားကစားသမား (၂၄) ဦးအား စုစုပေါင်းငွေကျပ် (၆၃၀၀၀၀) အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်