တောင်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးသင်တန်းဖွင့်လှစ်

တောင်ဥက္ကလာပ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အမှတ် (၅) အခြေခံပညာအထက်တန်း‌ကျောင်း ကေသရာဇာခန်းမ၌ တောင်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးအသိပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ခရိုင်တပ်ဖွဲမှူး ဦးခင်သန်းနှင့် နည်းပြဆရာ ဦး‌အောင်သက်တင်ဦးတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး၊ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက်ခရိုင်တပ်ဖွဲ့မှူး ဦးခင်သန်းနှင့် နည်းပြဆရာ ဦး‌အောင်သက်တင်ဦးတို့မှ ယာဉ်လမ်း အန္တရာယ်ကင်းရှင်းစေရေး၊ မတော်တဆမှုများဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား လူကူးမျဉ်းကြားလမ်းဖြတ်ကူးနည်းကို လက်တွေ့သင်ကြားပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌဦးကျော်ကျော်‌ဇော်ဝင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)