သထုံ ဒီဇင်ဘာ ၂
သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သထုံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအရ ပေါင်မြို့နယ်၊ ကျုံကကျေးရွာနှင့် ဇာကဒွန်းကျေးရွာတို့၌ ဖွင့်လှစ်ခဲ့သည့်သင်တန်းတို့မှ ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့နံနက်က ပေါင်မြို့နယ် မဂဒူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုးက ယခုကဲ့သို့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် တနိုင်တပိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်ပြီး ဒေသထွက် ကုန်ကြမ်းများအပါ် အခြေခံသည့်တန်ဖိုးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း ယင်းသို့ထုတ်လုပ်ခြင်းဖြင့် ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ယခုချီးမြှင့် ပေးအပ်သည့် လုပ်ငန်းသုံးပစ္စည်းများဖြင့် သင်ကြားထားသည့် နည်းပညာများကိုအသုံးချကာ ကိုယ်ပိုင် လုပ်ငန်းငယ်များ၊ အသေးစား၊ အငယ်စားလုပ်ငန်းများမှတစ်ဆင့် အလတ်စား၊ အကြီးစား အောင်မြင် ကျော်ကြားသည့် လုပ်ငန်းရှင်များဖြစ်သည်အထိ ကြိုးပမ်းကြစေလိုပါကြောင်း အမှာစကားပြာကြားသည်။
ယင်းနောက် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်အေးက အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်းသည်တို့ကို ရှင်းလင်းပြောကြားကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ထူးချွန်သင်တန်းသူ (၁၀)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့် ညီမျှသည့်လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
သထုံရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့၌ ပေါင်မြို့နယ်၊ ကျုံကကျေးရွာတွင် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းနှင့် ဇာကဒွန်းကျေးရွာတွင် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းတို့ကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းတို့မှ ထူးချွန်သူတို့ကိုရွေးချယ်ကာ လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)