ထားဝယ် ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ လက်ရွေးစင်ကျောင်းသား အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကိုယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်မှ (၁၅)ရက်ထိ နေပြည်တော်မှာ ကျင်းပပြုလုပ်မည့် ပညာရေးဝန်ကြီးဌာန ဗဟိုအဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်၌ သွားရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် အောင်နိုင်ရေးအလံပေးအပ်သည့် အခမ်းအနားဖြစ်ကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အသိဉာဏ်ပွင့်လင်းမှုပိုမိုရရှိလာစေရေး၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများမှတဆင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများပေါ်ထွက်လာစေရေး၊ နိုင်ငံတော်၏အားကစား အဆင့်အတန်း မြင့်မားလာစေရေးအတွက် အားကစားအမျိုးအစားအလိုက် ရွက်ပုန်းသီး အားကစားသမားကောင်းများကို ဖော်ထုတ်ပြီး လေ့ကျင့်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုကျောင်းသား အားကစားအဖွဲ့သည် နေပြည်တော်တွင်ကျင်းပမည့်အားကစားနည်း(၇)မျိုးကို သွားရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာအောင် နည်းလမ်းအမျိုးမျိုးဖြင့် အားပေးချီးမြှောက်လျက်ရှိကြောင်း၊ နေပြည်တော်ကျောင်းသား အားကစားပွဲတော်တွင် တိုင်းဒေသကြီးအနေဖြင့် စတုတ္ထအကြိမ်ကျင်းပခဲ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ အမျိုးသမီး(ဘော်လီဘော) ရွှေတံဆိပ်ဆု၊ အမျိုးသား(ပိုက်ကျော်ခြင်း) ကြေးတံဆိပ်ဆုနှင့် အမျိုးသား/အမျိုးသမီး ပြေး၊ ခုန်၊ ပစ်မှာ ရွှေ(၁၁)ခု၊ ငွေ(၄)ခု၊ ကြေး(၆)ခုရရှိခဲ့သည့်အတွက် အားကစားသမားများအနေဖြင့် အလေးအနက်ထားရန်၊ တိုင်းဒေသကြီး၏ဂုဏ်ကို တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းမြှင့်တင်ရန်၊ အောင်မြင်မှုစံချိန်ထက် ကျော်လွှားအောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန်နှင့် တနင်္သာရီတိုင်းဒေသကြီးဂုဏ်ကို ဆောင်နိုင်မယ့်အောင်မြင်မှုများကို အရယူလာကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးမှူး ညွှန်ကြားရေးမှူးဦးဝင်းနောင်က တိုင်းဒေသကြီး လက်ရွေးစင်ကျောင်းသား အားကစားအဖွဲ့အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် နေပြည်တော် ကျောင်းသားအားကစားပွဲတော် သို့သွားရောက်ယှဉ်ပြိုင်မည့် အစီအစဉ်ကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ရွေးစင်ကျောင်းသား အားကစားအဖွဲ့အား ထောက်ပံ့ငွေကျပ် (၁၇၉ သိန်း ၅ သောင်း ၃ထောင်)ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ရွေးစင်ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပြီး အားကစားအဖွဲ့များကိုယ်စား အတွင်းရေးမှူးဦးမင်းဦးက ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အားကစားအဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)