လားရှိုးမြို့တွင် ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

လားရှိုး  ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသခံပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၂၇ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးနှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဒေသခံပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား  ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်း၊  ဆီးချို၊ သွေးချို၊ သွေးတိုး စစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်စောင့်ရှောက်မှုပေးခြင်း၊ အသက်ငါးနှစ်အောက်ကလေးများကို အာဟာရဖွံ့ဖြိုးမှုတိုင်းတာခြင်း၊ အသက်နှစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးစိမ်ခြင်ထောင်ဖြန့်ဝေ ပေးခြင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားကျန်းမာရေး အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း( လားရှိုး )