လားရှိုး ဒီဇင်ဘာ ၂
လားရှိုးမြို့တွင် ယခင်က နံနက် ၂ နာရီဝန်းကျင်ခန့်တွင် စတင်ရောင်းချလေ့ရှိသည့် မီးဖိုချောင်သုံး အသီးအနှံများကိုရောင်းချသည့် ကုန်စိမ်းဈေးကို ယခုအခါ ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းကြောင့် မွန်းလွဲ ၂ နာရီမှ ၅ နာရီအချိန်ထိ ပြောင်းလဲရောင်းချနေကြောင်း သိရသည်။
“အရင်တုန်းကတော့ နံနက်ခင်းဈေးပတ်ရောင်းသူတွေအတွက် မနက်ခင်းဈေးကို မနက် ၁ နာရီကျော် လောက်ကတည်းကရင်း ရောင်းကြတယ်။ ရွာတွေ ရပ်ကွက်တွေဘက် ဈေးသွားရောင်းကြတဲ့ ဆိုင်ကယ်ဈေးသည်တွေက နံနက်စောစော ဈေးလာဝယ်ကြပြီး မနက် ၆ နာရီလောက်ဆို သွားရောင်းကြတာပေါ့။ အခုကတော့ ညမထွက်ရအမိန့်ထုတ်ပြန်ထားတော့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက် ဈေးစခင်းကြတယ်။ ညနေ ၅ နာရီလောက်ဆို ဈေးသိမ်းကြရတယ်။ ဆိုင်ကယ်ဈေးသည်တွေက အဲ့အချိန် လာဝယ်ထားကြပြီး နောက်တစ်နေ့ ထွက်ရောင်းကြရတာပေါ့။” ဟု ဈေးသည်တစ်ဦးက ပြောသည်။
လားရှိုးမြို့တွင် ဆိုင်ကယ်ဈေးသည်များအနေဖြင့် ဟင်းသီးဟင်းရွက်သီးနှံများ အဓိကထားရောင်းချကြသည့် မြို့ဝမ်ဈေး၊ အောင်မင်္ဂလာဈေး၊ မြို့မဈေး၊ မန်ဆူဈေး၊ လားရှိုးကြီးဈေးတို့တွင် အဓိကထားက ဈေးဝယ်ကြရကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး )