ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဗိုလ်တထောင် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အရန်မီးသတ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က တာမွေမီးသတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဌဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားသည်မှာ မီးသတ်တပ်ဖွဲ့တွေဟာ ပြည်သူလူထူတွေရဲ့​ အသက်အိုးအိမ်စည်းစိမ်​တွေကို မီးဘေးအန္တရာယ်မှကာကွယ်ပေးရသလို ရေဘေး၊ လေဘေး၊ ငလျင်ဘေးစတဲ့ သဘာဝဘေးအန္တရာယ် များအတွက်လည်း ရှာဖွေကယ်ဆယ်ရမှာဖြစ်ကြောင်း၊ အဲဒီလိုဆောင်ရွက်တဲ့အခါ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရန်အတွက် ဒီသင်တန်းကို ပို့ချခြင်းဖြစ်ကြောင်း၊ ​ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များကို စာတွေ့/လက်တွေ့ပို့ချပြခဲ့ခြင်းဖြစ်ကြောင်း၊ မီးငြှိမ်းသတ်လုပ်ငန်းများအတွက် ဆောင်ရွက်အသုံးပြုရမည့် မီးသတ်ပစ္စည်းကိရိယာများ၊ မီးသတ်စက်များ၊ ​​ရေပက်ပိုက်လိပ်၊ ပိုက်ခေါင်းများကို လက်တွေ့ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြားပေးခြင်း၊ အသက်ကယ်ကြိုးများ ကိုင်တွယ်ရာ၌သတိပြုရမည့်အချက်များ ကြိုးချည်နည်းအမျိုးမျိုး၊ အနိမ့်ပိုင်းကြိုးကူးနည်းလေ့ကျင့်ခန်း၊ အမြင့်ပိုင်းကြိုးတက် ကြိုးဆင်းလေ့ကျင့်ခန်းများ၊ အဆောက်အဦအတွင်း ဝင်ရောက်ရာတွင် အမှတ်အသားပြုလုပ်ခြင်း၊ မီးခိုးနှင့်အမှောင်ထုအတွင်း လှုပ်ရှားသွားလာမှုနည်းစနစ်များ၊ အသက်ရှူကိရိယာ ဝတ်ဆင်အသုံးပြုနည်း သင်ခန်းစာများ သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ယခင်ကလို မီးဘေးလုံခြုံရေးဖြစ်တဲ့ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်း ဆောင်ရွက်ရုံနှင့်မလုံလောက်တော့ပါ၊ သဘာဝဘေးအန္တရာယ်များနဲ့ အခြားသောဘေးအန္တရာယ်များဟာလည်း အချိန်အခါမရွေး၊ နေရာဒေသမရွေးဖြစ်ပေါ်နေသည့်အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးနည်းစနစ်တွေကို အမြဲမပြတ်လေ့ကျင့်နေဖို့လိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များဟာ အခြေ​ခံစိတ်ဖြစ်တဲ့ မီးမလောင်စေချင်တဲ့စိတ်ဓါတ်၊ လောင်တဲ့မီးအား အမြန်ဆုံးငြှိမ်းစေလိုတဲ့စိတ်ဓာတ်၊ သဘာဝဘေးမဖြစ်စေလိုတဲ့စိတ်ဓာတ်၊ ဖြစ်ပွားခဲ့ရင်လည်း ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေချင်တဲ့ စိတ်ဓာတ်တို့ကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားကြရန် မီးလောင်မှုများနှင့် သဘာဝဘေးများ ကျရောက်ခဲ့လျှင်လည်း လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ဖို့ စွမ်းဆောင်ရည်များမြင့်မားအောင် အမြဲမပြတ် လေ့ကျင့်နေရန်လိုအပ်ပါကြောင်း၊ အဓိကအချက် (၄) ချက်ဖြစ်တဲ့ လျင်မြန်မှု၊ မှန်ကန်ထိရောက်မှု၊ စေ့စပ်သေချာမှုနှင့်လုံခြုံမှုတွေကို သတိပြုဖို့လိုအပ်ပါကြောင်း၊ ဒီသင်တန်းက သင်ပေးလိုက်တဲ့ ပညာရပ်တွေနဲ့ မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်(၄)ရပ်နှင့်အညီ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်တူ လက်တွဲပြီးပြည်သူလူထုအား ကိုးယုံကြည်ရတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်စေရေးကိုယ်စွမ်း၊ ညဏ်စွမ်းရှိသမျှ အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက်သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်ကပေးအပ်ခြင်း၊ သင်တန်းသားများအား ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကျော်စည်သူက ပေးအပ်ခဲ့ပြီးသင်တန်းဆင်းပွဲ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခင်ဝင်း(ပြန်/ဆက်)