တောင်သာမြို့ တန်းမြင့်ကျောင်းရပ်ကွက် ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

တောင်သာ ဒီဇင်ဘာ ၂

တောင်သာမြို့ တန်းမြင့်ကျောင်းရပ်ကွက် ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တောင်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချမှုကို ယနေ့နံနက် (၈)နာရီအချိန်က တန်းမြင့်ကျောင်းရပ်ကွက်လမ်းဘေး၌  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရောင်းချနေမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ ရောင်းချပေးလျက်ရှိပြီး တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်၊ ကြက်ဉ(၆)လုံး၊ ဆီ (၁)ပိဿာ၊ ဝက်သား၊ အမဲသား( ၅၀) ကျပ်သားတို့အား ရောင်းချခြင်းဖြစ်ကြောင်းနှင့် တန်းမြင့် ကျောင်း ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာတွင် တန်းမြင့်ကျောင်းရပ်ကွက်အတွင်းရှိ ပြည်သူများကို ဆန် (၁) ပြည်လျှင် (၃၀၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကြက်ဉ (၁) လုံးလျှင်  (၂၀၀) ကျပ်၊ ဝက်သား (၁) ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ အမဲသား (၁) ပိဿာလျှင် (၁၂၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက်  ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် နောက်ရက်များတွင်လည်း ကျန်သည့် ကျေးရွာများသို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။     

ကျော်မျိုးနိုင်(တောင်သာ)