မောက်မယ် ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ၊ အနာဂတ် မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက် လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၃−၂၀၂၄ ပညာသင်နှစ် အခြေခံမူလတန်းအဆင့် Grade-5 သင်ရိုးသစ်၊ စာမေးပွဲဆိုင်ရာနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်) နှင်းဆီဆောင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဇော်ဦးက အမျိုးသားပညာရည် စစ်ဆေးတိုင်းတာခြင်းကို စစ်ဆေးအကဲဖြတ်ခြင်း ကဏ္ဍ(၄)ရပ်ဖြစ်သော အတန်းတွင်းစစ်ဆေးခြင်း၊ ကျောင်းအခြေပြု စစ်ဆေးအကဲဖြတ်ခြင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းနှင့် နမူနာအခြေပြုသင်ယူမှုစစ်ဆေးအကဲဖြတ်ခြင်းဟူ၍ ခွဲခြားသတ်မှတ်ထားသည့်အတွက် အတန်းကူးပြောင်းမှု ရရှိဆောင်ရွက်ရာတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထား သော စာမေးပွဲစည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဆရာ/ဆရာမများအနေဖြင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံမူလတန်းအဆင့်Grade-5 အတွက် သင်ယူမှုရလဒ်ပြဇယား၊ နမူနာမေးခွန်းအတွက် အသေးစိတ်အညွှန်းဇယား၊ စာမေးပွဲနမူနာ မေးခွန်း၊ အမှတ်ပေးစည်းမျဉ်းများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 သင်ကြားနေသည့်ဆရာ/ဆရာမများ (၁၈၀)ဦး တက်ရောက်ကြပြီး နည်းပြ(၁၀)ဦးတို့မှ တစ်ရက်တာ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)