မိတ္ထီလာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ စီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်းအခမ်းအနားကျင်းပ

မိတ္ထီလာ  ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံ စီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ စီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ စီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ်ကို  ချုပ်ဆိုခဲ့ပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးဇော်ဇော်ဦး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ မိတ္ထီလာခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် တာဝန်ရှိသူများက တောင်သူများအား သွင်းအားစုများပေးအပ်ခဲ့သည်။

အဆိုပါ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ စီမံကိန်းအတွက် ဆီထွက်သီးနှံ တစ်ဧကလျှင် ကျပ် နှစ်သိန်းနှင့် ညီမျှသော သွင်းအားစုကို  ထောက်ပံ့ပေးမည်ဖြစ်ပြီး အဆိုပါ ထောက်ပံ့ခြင်းအတွက် သီးနှံပေါ်ချိန်တွင် သွင်းအားစုတန်ဖိုးနှင့် ညီမျှသောသီးနှံကို ကာလပေါက်စျေးဖြင့် ပေးသွင်းရမည်ဖြစ်ရာ မြို့နယ်အတွင်း၌ ၂၀၂၃-၂၀၂၄ခုနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နေကြာသီးနှံကို ကျေးရွာအုပ်စု ၂၉ အုပ်စုမှ တောင်သူ ၄၄၂ ဦးက စိုက်ဧက ၆၀၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး မြေပဲသီးနှံကို ကျေးရွာအုပ်စု ၆ အုပ်စုမှ တောင်သူ ၄၃ ဦးက စိုက်ဧက ၅၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)