စိန်ရတုကိုကျော်လွန်ခဲ့ပြီဖြစ်သော ပုဂံမြို့က ဦးဘငြိမ်းမြန်မာ့လက်မှုယွန်းထည်လုပ်ငန်း

ညောင်ဦး ဒီဇင်ဘာ ၂

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်မှုနှင့် အတူ ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဒေသအသီးသီးတွင် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခုအစီအစဉ်ဖြင့် ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့်လုပ်ကိုင်နေသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း (၃၇၈) အနက် ညောင်ဦးမြို့နယ် ပုဂံမြို့သစ်ရှိ ဦးဘငြိမ်းမြန်မာ့လက်မှုယွန်းထည် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ဦးဘငြိမ်းမြန်မာ့လက်မှုယွန်းထည်လုပ်ငန်းကို ၁၉၄၇ ခုနှစ်က စတင်ပြီးလုပ်ကိုင်ခဲ့ရာ ယွန်လုပ်ငန်းသက်တမ်း (၇၅)နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများကို အိုးမကွာအိမ်မကွာ မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး ယွန်းထည်လုပ်ငန်းကို မျိုးဆက်လေးဆက်တိုင် လုပ်ကိုင်နေခြင်းဖြစ်သည်။ လက်ရှိတွင် ဦးဘငြိမ်း၏သမီးဖြစ်သူ အသက်(၈၃)နှစ်အရွယ် အဘွားဒေါ်ဝင်းမေက ဦးစီးဦးဆောင်ပြုကာ မြန်မာ့လက်မှုယွန်းလုပ်ငန်း တိမ်ကောပပျောက်မှုမရှိရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

ယွန်းထည်ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ်ပါဝင်သည့် ဝါး၊ သစ်သားများကို စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဝါး၊ သစ်သားများကို မှာယူရသည်။ သစ်စေးကိုလည်း ပြည်တွင်းကုန်ကြမ်းများသာ အသုံးပြုထုတ်လုပ်ရသည်။ ယွန်းထည်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းသည် ဝါးနှင့်သစ်စေးအဓိကကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ဗန်မော်မြို့၊ ကသာမြို့မှလာသည့် သစ်စေးသည်အရည်အသွေးကောင်းမွန်ပြီး ဝါးကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးမှ ရေမျောဖောင်ဖြင့်လာသည့် ဝါးကပို၍ကောင်းကြောင်း သိရသည်။ ဦးဘငြိမ်းယွန်းထည်လုပ်ငန်းအနေဖြင့် ယွန်းထည်ပစ္စည်း(၇၀)မျိုး ခန့်ထုထ်လုပ်ပြီး ယွန်းဆွမ်းအုပ်၊ ယွန်းလက်ဖက်အုပ်၊ ယွန်းသောက်ရေခွက်၊ ယွန်းကွမ်းတောင်ပန်းတောင်၊ ယွန်းပန်းအိုးများ အများဆုံးထုတ်လုပ်ရောင်းချရကြောင်း၊ ယွန်းထည်များကို မြန်မာတစ်နိုင်ငံလုံးသို့ Online စနစ်ဖြင့် Page ထောင်ကာ ဖြန့်ဖြူးရောင်းချခြင်းနှင့် ပုဂံဒေသထွက် ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိကြောင်း ပြည်ပဧည့်သည်များ အဝင်အထွက်များသည့်ကာလတွင် ယွန်းထည်ပစ္စည်းများ ဝယ်ယူသွားကြခြင်းဖြင့် မြန်မာ့လက်မှုယွန်းထည်များ နိုင်ငံတကာသို့ ရောက်ရှိသွားစေခဲ့သည်။ ပြည်ပဧည့်သည်များ ဝင်ရောက်မှုနည်းသည့်ကာလတွင် ပြည်တွင်းဈေးကွက်ကိုသာ အားကိုးရောင်းချရလျက်ရှိသည်။

မြန်မာ့လက်မှုယွန်းထည်လုပ်ငန်းသည် အေဒီ(၁၁)ရာစု၊ (၁၂)ရာစုခန့်မှစတင် လုပ်ကိုင်တွေ့ရှိခဲ့ကြောင်း၊ ညောင်ဦးမြို့၊ ပုဂံမြို့တို့တွင် ယွန်းပညာရှင်များ အမြောက်အများရှိပြီး ယွန်းပညာကောလိပ်(ပုဂံ)ကို ပုဂံမြို့ဟောင်းတွင် ဖွင့်လှစ်ထားခြင်းသည်လည်း ယွန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ကြောင်း ဦးဘငြိမ်းယွန်ထည်လုပ်ငန်း၏ စတုတ္ထမျိုးဆက်ဖြစ်သူ ဦးအောင်ကျော်ထွန်းကရှင်းပြသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ချေးငွေထုတ်ခြင်းကို လက်မှုလုပ်ငန်းများအတွက် ပို၍ထုတ်ပေးနိုင်လျှင် ရေရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ ကုန်းကြမ်းပစ္စည်းများလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် ဖန်တီးပေးနိုင်လျှင် လက်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်နိုင်ကြောင်း ဦးဘငြိမ်းယွန်းထည်လုပ်ငန်းပိုင်ရှင် ဦးအောင်ကျော်ထွန်းက ပြောကြားသည်။

ညောင်ဦးမြို့နယ်ထွက် မြန်မာ့လက်မှုယွန်းငန်း၊ ပုန်းရည်ကြီးလုပ်ငန်း၊ ထန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်ပါ အထောက်အပံ့ကောင်းများ ရရှိလာစေမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုဇော်(ဓာတု)၊ဒီပါလင်း