ကော့သောင်း ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ခရိုင်ခရီးစဉ်ဒေသမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ အချိန်က ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ခရိုင်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွား (agency)များအနေဖြင့် မိမိတို့ဒေသရှိ လည်ပတ်စရာ နေရာများနှင့် ကျွန်းများအား ဒေသကိုချစ်စိတ်ဖြင့် ပြင်ဆင်ဆောင်ရွက်ကြစေလိုကြောင်း၊ ခရီးသွားများ လာရောက်လည်ပတ်ရာတွင်လည်း အခက်အခဲများမရှိစေရေး၊ ဝန်ဆောင်မှုများပေးရာတွင်လည်း သက်သာသောနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးစေလိုကြောင်း၊ နိုင်ငံရပ်ခြားခရီးသွားများ လာရောက် လည်ပတ်သည့် အခါတွင်လည်း တစ်နေထဲ၌ဝန်ဆောင်မှုအပြည့်အဝရရှိနိုင်စေရေးနှင့် မိမိတို့ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးရမည့် အခြေအနေများရှိပါက တင်ပြဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဌေးလွင်က ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ခရီးသွားမူဝါဒဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းပိုမိုအောင်မြင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ စုပေါင်း၍ခရီးသွားကဏ္ဍအား ပိုမိုဆွဲဆောင်မှုရှိစေရန် ပွဲတော်များပြုလုပ်၍ ဖိတ်ခေါ်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၏ အခက်အခဲများ၊ ဌာနဆိုင်ရာများမှ ပူးပေါင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား အပြန်အလှန်တင်ပြဆွေးနွေးခဲ့ကြပြီး ခရီးသွားလုပ်ငန်းအောင်မြင်ရေး အတူတကွပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)