ဘားအံ ဒီဇင်ဘာ ၁
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ပထမနှစ်)မောင်မယ်သစ်လွင်များနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၀/၂၃) သင်တန်းသား၊ သင်တန်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ ဘားအံပညာရေးဒီဂရီကောလိပ်တွင် (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူ (၁၁၁)ဦး၊ PPTT (၁၀/၂၃) သင်တန်းသား၊ သင်တန်းသူ (၂၂)ဦး၊ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူ (၃၇၀)ဦး၊ တတိယနှစ် ကျောင်းသား၊ ကျောင်းသူ (၄၇)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၅၀)ဦး ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိပြီး လက်တွေ့ဘဝနှင့် ပေါင်းစပ်/ဆက်စပ်သင်ယူနိုင်သော စဉ်းစားတွေးခေါ် သင်ကြားပို့ချပေးနိုင်သော ဆရာ၊ ဆရာမကောင်းများဖြစ်အောင်၊ ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးကို ရွက်သယ်ပိုးဆောင်ရွက်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင်စုစုပေါင်း ၁၃၃ ဦးအတွက် ငွေကျပ် ၂၆၆၀၀၀၀ (နှစ်ဆယ့်ခြောက်သိန်းခြောက်သောင်း)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြကာ မောင်မယ်သစ်လွင်များမှ King, Queen နှင့် Prince, Princess တို့ကို ရွေးချယ်၍ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်တို့က King, Queen နှင့် Prince, Princess ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသော မောင်မယ်သစ်လွင်များ၊ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများ၊ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သင်ကြားရေး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များနှင့်အတူနေ အိမ်ထောင်စုမိသားစုဝင်များအား ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး ဆန်၊ ဆီအစရှိသော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းရယူခဲ့ရပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး ညီအစ်ကိုမောင်နှသားသမီးများသဖွယ်၊ မိသားစုဝင်များသဖွယ် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပါတီနိုင်ငံရေးကင်းရှင်းပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စရပ်များနှင့် အစိုးရမှပေးအပ်သည့်တာဝန်များကို တရားဥပဒေနှင့်အညီ တပ်မတော်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း၊ ချိုးခြံချွေတာ၍ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်မိသားစုများအတွက် ဆန် ၈၉ အိတ်၊ ဆီ ၁၃၀ ပိသာ၊ ခေါက်ဆွဲ ၈၀ ဖာကို ထောက်ပံ့ပေးအပ်ပြီး မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအတွက် ငွေကျပ် (၅)သိန်းတို့ကို ထောက်ပံ့ပေးအပ်ရာ ယာယီပြည်နယ် ရဲတပ်ဖွဲ့မှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နေပြည်တော်ကျောင်းသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကျောင်းသားအားကစားအဖွဲ့အား ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
ကရင်ပြည်နယ်ကျောင်းသားအားကစားအဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၁၅ ရက်နေ့ထိ နေပြည်တော်တွင်ကျင်းပမည့် ကျောင်းသားအားကစားပွဲတော်သို့ အမျိုးသား၊ အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘော အစရှိသည့် အားကစားနည်း (၇)နည်း၌ ကျောင်းသား၊ ကျောင်းသူအားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူ ၁၃၇ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူအားကစားသမားများအနေဖြင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် ကရင်ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ အားကစားနည်းအလိုက် အောင်မြင်မှုများအပေါ် တည်မှီပြီး မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ထိုက်တန်သော ဂုဏ်ပြုချီးမြောက်အားပေးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်၏ အားကစားအဆင့်အတန်းကို အမြင့်ဆုံးသို့ရောက်ရှိအောင် ဇွဲ၊ လုံ့လ၊ ဝီရိယအားများဖြင့် စွမ်းစွမ်းတမံ အစွမ်းကုန် ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်ပြီး အောင်ပွဲများဖြင့် ပြန်လာနိုင်ကြပါစေကြောင်း အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ကျောင်းသားအားကစားအဖွဲ့ထံ အောင်နိုင်ရေးအလံနှင့် အောင်နိုင်ရေးထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ကျောင်းသား၊ ကျောင်းသူ အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)