မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး

မိတ္ထီလာ ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခြင်းကို  ယနေ့နံနက် ၁၀ နာရီအချိန်က   ဆောင်ရွက်ခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရီထံမှ သိရသည်။

မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခြင်းကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)မှ ဒေါက်တာ မျိုးနိုင် (တွဲဖက်ပါမောက္ခ)၊ ဒေါက်တာအောင်ဆန်းထက်(တွဲဖက်ပါမောက္ခ)နှင့် အဖွဲ့သည် မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဒေါက်တာမော်မော်(အထူးကုဆရာဝန်ကြီး၊မေ့ဆေး)၊ ဒေါက်တာမြမြဝင်း အထူးကုဆရာဝန်ကြီး၊ကလေး)တို့နှင့်အတူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား စစ်ဆေးဆောင်ရွက်ပြီး ၎င်းစစ်ဆေးဆောင်ရွက်ပြီးသည့် လူနာများအနက်မှ ယနေ့ ခွဲစိတ်ကုသ လို့ရသည့် လူနာများအား ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင် ရွက်ရာတွင် ရောဂါကာကွယ်ခြင်း၊ ရောဂါများကို ထိရောက်စွာ ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူမှုဘဝတိုးတက်စေရေးအတွက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ကုသရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်(မန္တလေး)တို့ ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင်  ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီး ဌာန၊ ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့်  ခွဲစိတ်ကုသမှုများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများခွဲစိတ် ကုသမှုခံယူနိုင်ရန်အတွက် မိတ္ထီလာ၊ ပျော်ဘွယ်၊ သပိတ်ကျင်း၊ ကျောက်ပန်းတောင်း၊ ပြည်ကြီးတံခွန်၊ နွားထိုးကြီး၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ်များမှ လာရောက်ပြသကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)