ရမည်းသင်း ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် အင်္ဂလိပ်စာကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်များအား အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်အဆင့် ကျပန်းစကားပြောပြိုင် ပွဲကျင်းပခြင်းကို ရှင်းလင်းပြောကြားပြီး မြို့မအခြေခံပညာအထက်တန်းကျောင်း၊ ဆရာဦးစိုးပိုင်မှ ပြိုင်ပွဲစည်းကမ်းများနှင့် အင်္ဂလိပ်စာကျပန်းစကားပြောပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရမည်းသင်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ရွာတန်းအခြေခံပညာအထက်တန်းကျောင်းတို့မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးတို့မှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အင်္ဂလိပ်စာကျပန်းစကားပြောပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရမည်းသင်းခရိုင် ပြန်/ဆက်ရုံးဝန်းအတွင်း နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို့ လေ့လာကြည့်ရှု့ခဲ့ကြသည်။ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဒီဇင်ဘာ ၆ ရက်နေ့၌ ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်