ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို၊ ယနေ့နံနက် (၁၀)နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်း တောင်းမြို့နယ် လက်ပံပျားကျေးရွာ စက်မှုလက်မှု အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် ဝင်ငွေတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေး၊ MSME များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို ရည်ရွယ်၍ အဆိုပါ သီးနှံအခြေခံ တန်ဘိုးမြှင့် စားသောက် ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရပြီး၊ သင်တန်းဖွင့်ပွဲတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြား သည်။ ဆက်လက်၍ ညောင်ဦးခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာစီမံကိန်း လုပ်ငန်းများကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီ ဥက္ကဋ္ဌက လက်ခံရယူသည်။ ယင်းနောက် မြို့နယ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံး ပစ္စည်းများနှင့် သင်ထောက်ကူပြု ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးရာ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းက လိုက်လံရှင်းလင်းပြသပြီး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ပထမအကြိမ်အဖြစ် ဒီဇင်ဘာ(၁)ရက်နေ့မှ (၇)ရက်နေ့ အထိ (၇)ရက်နှင့်ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာ(၁၄)ရက်နေမှ (၂၄)ရက်နေ့အထိ(၂၀)ရက် သင်ကြားပေးသွားမှာဖြစ်ကြောင်းနှင့် သင်တန်းတွင် ပဲအခြေခံ စားသောက် ကုန်အဖြစ် ကုလားပဲခွေကြော်၊ ကုလားပဲ ချောင်း၊ ရွှေဥကျော်၊ မြေပဲဆားလှော်၊ မြေပဲပွကျော်၊ ပဲပူးကြော်နှင့် ဒေသထွက် စားသောက်ကုန် လုပ်ငန်းအဖြစ် ဇီး/မန်ကျီး ဖျော်ရည် လုပ်ငန်းများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရပြီး၊ သင်တန်းကို လက်ပံပျားကျေးရွာမှ သင်တန်းသား/သင်တန်းသူ (၁၂)ဦးတက်ရောက် ကြမည်ဖြစ်ကြောင်းသိရပြီး၊ သင်တန်းဖွင့်ပွဲသို့ ညောင်ဦးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် သင်တန်း သား/သင်တန်းသူများ စုစုပေါင်း(၄၃)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)